ပွင့်ဖြူမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း စစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံ ကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက် ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးလက်ကုန်ထုတ်လမ်းများ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊  ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် တင်ဒါအောင်မြင်သော မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ဒေသခံတောင်သူများအတွက် လမ်းအရှည်ပေ (၁)မိုင်အား လမ်းအကျယ် ၁၂ ပေ၊ ထု တစ်ပေ ကိုးလက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုနှင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ဒေသခံတောင်သူများအတွက် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ကိုးလက်မ မြေနီကျောက်စရစ် ကျောက်ရော မြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုတို့အား တင်ဒါပါစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ နှင့် သတ်မှတ်လမ်းအကျယ် ပြည့်မီခြင်း ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူ ဆောင်ရွက်သည့်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အချိန်မီ ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံကျေးလက်နေပြည်သူများ လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများအလိုက် ရေရှည် အသုံးပြု သွားလာနိုင်အောင် လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)