ကျောက်ဖြူ ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို ယနေ့နံနက်ပိုင်းက ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းများကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို ကျန်းမာရေးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူ (၈၆၅၁၇) ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၇၁၈၁၀)ဦး၊ ထပ်ဆောင်းထိုးနှံပြီးသူ (၁၂၈၉၈)ဦးရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ယင်းသို့ ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဗုဒ္ဓဟူးနေ့တိုင်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း