ပွင့်ဖြူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ဇူလိုင် ၁၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရကာ ပြိုင်ပွဲမကျင်းပမီ ဦးစွာ ပွင့်ဖြူမြို၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်က စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ပါဝင်ရမည့် အကြောင်းအရာများနှင့် ပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ကျင်းပရာ (ထက်၊ လယ်၊ မူ)အဆင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၆၆ ဦးက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာတို့ကို ယှဉ်ပြိုင်ရေးသားခဲ့ကြကြောင်းသိရကာ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဇူလိုင်(၁၉)ရက် အာဇာနည်နေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )