ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ (၁၄)ကြိမ်မြောက် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား ကျင်းပ

ပြည် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် မ့တ်စွယ်တော်တိုက်၌ ဝါဆိုလပြည့် ယမန်နေ့ ညနေ ၅ နာရီက (၁၄)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပရာ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်သတ်များ တက်ရောက်သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဦးစီးပဓာန၊ နာယကဆရာတော်၊ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာ‌တော်ကြီး အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တကုမာရထံမှ တက်ရောက်လာသော ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက် တည်ကြသည်။

ထို့နောက် ဩဝါဒါဆရာတော်ကြီး (၉) ပါးတို့က မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူကြပြီး ရွှေဆံတော်ဂေါပက အဖွဲ့ကိုယ်စား အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းက ဓမ္မစကြာအခါတော်နေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

ယင်း‌နောက် အခမ်းအနားကျင်းပခြင်းနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာတရား ဒေသနာတော်ချီးမြှင့်တော်မူပြီး ဝေနေယျသတ္တဝါ အပေါင်းတို့အား အမျှပေးဝေ၍ အခမ်းအနား ပထမပိုင်းပြီးမြောက်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်း၊ ကြက်ခေါင်းစားဘုရားဝတ်အသင်း၊ သာသနာ့ဟိတဝေပုလ္လကာရီဝတ် အသင်းနှင့် မီးရထားစက်ခေါင်းရုံးဝတ်အသင်း အဖွဲ့တို့က စိန်ရောင်ခြည်ဘုရား ပင့်ဂါထာတော်ရွတ်ဆိုပူဇော်ခြင်း၊ နတ်ဗြဟ္မာတို့အားပင့်ဖိတ်ခြင်း၊ ဓမ္မစကြာဒေသနာတော်ကို ရွတ်ဆိုပူဇော်ရန် အမွှန်းဂါထာတော်ရွတ်ဆိုခြင်း၊ ဓမ္မစကြာဒေသနာတော်ကို ပါဠိတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဒိသာဖရဏ မေတ္တာပို့ဂါထာဖြင့် မေတ္တာပွားများခြင်းတို့ကို ကုသိုလ်ပွားများ စုပေါင်းရွတ်ဆိုပူဇော်ကြပြီး ဂါထာတော်ဖြင့် နတ်ဗြဟ္မာတို့အားပြန်ပို့ကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ (၁၄)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)