မင်းလှ ဇူလိုင် ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) အင်္ဂါနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်အရှင်ဣန္ဒောဘာသက(၉)ပါးသီလ ချီးမြှင့်တော်မူခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ဒါယိကာ၊ ဒါယိကာမများနှင့် သီလရှင်များက သံဃာတော်များအား သင်္ကန်းအစုံ(၉၀)စုံ စေတနာထက် သန်စွာစုပေါင်းဝါဆိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်မှ ဝါဆိုလပြည့်နေ့အကြောင်း တရားတော်များချီးမြှင့်ဟောကြားပြီး ကောင်းမှုကုသိုလ်အစုစုတို့အား ရေစက်သွန်းချအမျှတန်းပေးဝေခဲ့ကြသည်။
အလားတူ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဓမ္မစကြာတရားတော်များရွတ်ဖတ်ခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလတရားတော်များချီးမြှင့်ခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်စ (မင်းလှ)