တွံတေး ဇူလိုင် ၁၂
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော် ဂေါပကအဖွဲ့က ကျင်းပသော ရွှေဆံတော်စေတီတော် မြတ်ကြီးရင်ပြင်၌ အထူးတရားပွဲကို ယနေ့ နေလယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရွှေဆံတော်စေတီ မြောက်ဘက်စောင်းတန်းဘေးရှိ ဒေါ်ပု(ရွှေဆိုင်)+ချစ်တီး(ရွှေဆိုင်) တန်းဆောင်၌ ဌာနဆိုင်ရာဝတ် အသင်းများနှင့် ရပ်ကွက်ဝတ်အသင်းများက ဓမ္မစကြာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြကာ နေ့လယ် ၁ နာရီတွင် ကျောင်းသစ်ပရိယတ္တိစာသင်တိုက်ရှိ တိုင်းဒေသကြီး သံဃဝန်ဆောင် (ရွှေကျင်)၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်) သာသနာ့ဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ နာယက စာချဓမ္မကထိကဘဒ္ဒန္တ နာရဒ (ဒဿန) ဆရာတော်က ဝါဆိုလပြည့်နေ့တွင် တရားဒေသနာတော်များ ဟောကြားခဲ့သည်။ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ၈ ရက် ဥပုသ် လပြည့်၊ လကွယ်နေ့များ တွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေဆံတော်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများ စီစဉ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော် ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ မိသားစုမှ တရားဟော ဆရာတော်အား အလှူငွေ(၃)သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်မောင်တို့က ဆရာတော်အား ဆက်ကပ် လှူဒါန်းပေးခဲ့ပြီး အလှူရှင်များမှ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရေစက်သွန်းချတရားနာ ကြားခဲ့ကြ ကြောင်း သိရသည်။
ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ကြေးဝန်းတော်(၅)ဆင့်အား ၉ လက်မ×၉ လက်မ ပတ်လည်ကြေးပြားများအား ဝါခေါင် လပြည့်နေ့တွင် ကြေးပြားသင်္ကန်းကပ်လှူပူဇော်ရန် အတွက် ပန္နက်ချဆောင်ရွက်မည်ဖြစ်ရာ ရဟန်းရှင်လူပြည်သူအများအနေဖြင့် ကြေးပြားတစ်ချပ်လျှင် ငွေကျပ်(၂၅၀၀၀)ကျပ်ဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါကြောင်း ရွှေဆံတော် စေတီတော်ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားပါကြောင်း သိရသည်။
မျိုးလှိုင်