ရမ်းဗြဲမြို့တွင် ဝါဆိုလပြည့်နေ့ အာရုံဆွမ်းလောင်းလှူပွဲ ကျင်းပ

ရမ်းဗြဲ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ မြို့မဂေါပကအဖွဲ့မှကြီးမှူး၍ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစင်္ကြာနေ့အခါသမယတွင် အာရုံဆွမ်းလောင်း လှူဒါန်းပွဲကို နံနက် ၅ နာရီက အောင်ဓမ္မာဗိမာန်ဓမ္မာရုံတော်ကြီးရှေ့ အောင်စေတီဘုရားရင်ပြင်တော်တွင် ကျင်းပလှူဒါန်းကြသည်။

ထိုသို့ အာရုံဆွမ်းလောင်း လှူဒါန်းရာသို့ ရမ်းဗြဲမြို့ပေါ်ရှိ စာသင်တိုက်များနှင့် ကျောင်းတိုက်အသီသီးမှ သံဃာတော်များကြွရောက်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များမှလာရောက်လှူဒါန်းကြသည်။ ထို့နာက် အာရုံဆွမ်းလောင်းလှူရာတွင် ငါးဟင်းလျာများ ထည့်ဝင်လှူဒါန်းနိုင်ရည်ရွယ်လျက် မြို့မဂေါပကအဖွဲ့မှ အလှူခံဌာန ဖွင့်လှစ်ထားရှိရာ  အာရုံဆွမ်းလောင်းလှူရန် ရောက်ရှိလာကြသူများမှလည်း  မိမိတို့တတ်အားသမျှ ထည့်ဝင်လှူဒါန်းကြသည်။

အဆိုပါ အာရုံဆွမ်းလောင်းလှူပွဲကို ဝါတွင်းကာလပတ်လုံး ဥပုသ်နေ့တိုင်းလှူဒါန်းနိုင်ရန် မြို့မဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အောင်နိုင်(ပြန်/ဆက်)