ကသာခရိုင်၊ အင်းတော်မြို့တွင် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်းအား လက်တွေ့ပြုလုပ် ပြသဆောင်ရွက်

အင်းတော် စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့မနည်းပညာပေးစင်တာတွင် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ခြင်းနှင့် သုံးစွဲပုံ သုံးစွဲနည်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ယမန်နေ့က လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေး အတွက်လည်းကောင်း၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေး လက်တွေ့ပြသ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းသော သဘာဝ စားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင် စေရေးအတွက် လည်းကောင်း ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ် နည်းပညာပေး ပြသဆောင်ရွက်ခြင်းကို ဒေသ အတွင်းရှိ နည်းပညာပေးစင်တာများဖြစ်သော မော်လူး၊ မော်တိတ်၊ မဲဇာ ဒေသများ တွင်ပါ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သီဟ