ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများသို့ လှည့်လည် အသိပေး ကြေညာ

ကဝ စက်တင်ဘာ ၉

ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့ ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာ နေထိုင်ကြရန် ယနေ့ နံနက် (၈) နာရီအချိန်က မော်တော်ယာဉ်ဖြင့် ကဝမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေး ကြေညာခဲ့သည်။

ထိုသို့ အသိပေးကြေညာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကဝမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ တွေ့ရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင် ဆုံး မိမိတို့၏ နေအိမ် အတွင်းမှာသာ နေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ရှားကြရန်၊ မဖြစ်မနေ အပြင် ထွက်ရပါက နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ စားသောက် ဆိုင်နှင့်ဈေးဆိုင်များမှ ကျန်းမာရေးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန်၊ ကိုယ်အပူချိန် မြင့်တက်မှုများ ခံစားရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ဆေးဝါးကုသမှု ခံယူကြရန်၊ မိမိတို့ ရပ်ကွက်အတွင်း ပြည်ပမှဝင်ရောက်လာသူများ၊ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများ၊ အခြား တိုင်းဒေသကြီး ကန့်သတ်နယ်မြေများမှ ဝင်ရောက်လာသူများ ရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ဌာနများသို့ သတင်းပေးပို့ ကူညီဆောင်ရွက်ကြပါရန်နှင့် ပြည်သူများ အနေဖြင့်လည်း သတ်မှတ်စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူပေါင်းပါဝင်ကြရန်တို့ကို မော်တော်ယာဉ် ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)