မုဒုံမြို့၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မုဒုံ ဇူလိုင် ၅

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်း ဖွင့်လှစ်ခြင်းကို  ယနေ့နံနက် ၁၁ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်လှစ်ပွဲတွင် ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းကျေးရွာတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) အကြောင်း သင်ခန်းစာများ၊ ကျေးရွာဆိုင်ရာ အချက်အလက်ကောက်ယူနည်းများ၊ ဇယား ၄၈ မျိုးဖြည့် သွင်းနည်းများတို့ကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေး သင်ကြားပို့ချပေးသည်။

အဆိုပါ သင်တန်းကို ဇူလိုင် ၄ ရက်နေ့မှ ၈ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ မုဒုံမြို့နယ်ရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကွမ်တာ (ရွာဟောင်း)ကျေးရွာ၊ ကျုံ ဖိုက်ကျေးရွာ၊ ကော့ခလွယ်ကျေးရွာ၊ ဆက်သွယ် (ရွာသစ်)ကျေးရွာ၊ လက်တက်ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် (၁၀)ဦး တက်ရောက်ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)