ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဇူလိုင်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ၄နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲဗိုလ်လုပွဲကို ညနေ၄နာရီအချိန် က ကျင်းပရာ နှစ်ယောက်တွဲ ဗိုလ်လုပွဲအဖြစ် ဘူမိဗေဒဌာနအသင်းနှင့်ရုက္ခဗေဒ ဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြပြီး ရုက္ခဗေဒဌာန အသင်းကလည်းကောင်း၊ သုံးယောက်တွဲဗိုလ်လုပွဲအဖြစ် သင်္ချာဌာနအသင်းနှင့် ဘူမိဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး သင်္ချာဌာနအသင်းကလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ထို့နောက် အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် နှစ်ယောက်တွဲနှင့်သုံးယောက်တွဲအသင်းအလိုက် ဆုရရှိသူများအား ပါမောက္ခချုပ်တံခွန်စိုက်ဖလား၊ ဆုငွေနှင့်လည်ဆွဲကြေးတံဆိပ်တို့ကို ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲတွင် နှစ်ယောက်တွဲနှင့် သုံးယောက်တွဲအသင်းအလိုက် (၁၄) သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇူလိုင်လ ၁ ရက်နေ့မှစတင်ကျင်းပခဲ့ကြောင်း၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ ကိုလည်း ဇွန်လအတွင်း ကျင်းပပြီးစီးခဲ့ကြောင်း၊ နိုင်ငံတော်ကအားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုသယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)