လမိုင်း ဇူလိုင် ၅
မွန်ပြည်နယ် လမိုင်းမြို့ မြို့မ (၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinophramအား ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
ထို့သို့ အသက် (၅)နှစ်မှ အသက်(၁၂)ထိ ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinophram ထိုးနှံရခြင်းမှာ ကလေးငယ်များ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကလေးငယ်များကျန်းမာကြံ့ခိုင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ရည်ရွယ်၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူပြီး ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ( ၆၃၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။
ဖြူဖြူအေး (ပြန်/ဆက်)