နတ်မောက် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးထိန်လင်း (ဦးစီးအရာရှိ) ဆည်မြောင်းက ဆီထွက်သီးနှံနေကြာ လျာထားချက်ပြည့်မီရေး စိုက်ပျိုးရန် ကျန်ရှိလယ်မြေများအနေဖြင့် နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များ စိုက်ပျိုးချိန်အမီ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သတ်မှတ်စိုက် ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာ လျာထားစိုက်ပျိုးရန် ကျေးရွာအုပ်စု (၆၉)အုပ်စုဖြစ်ပြီး မိုးစိုက် ဧကလျာထား(၃၇၆၈၉)ဧက စိုက်ပျိုးရမည်ဖြစ်ပြီး၊ ဇူလိုင်လ ပထမပတ်အထိ (၉၉၅၀) စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)