ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၆၂ ဦး ခန့်အပ် တာဝန်ချထား ပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေး လျာထားမဲရုံအရေအတွက်အနေဖြင့် မဲဆန္ဒ နယ်မြေ(၁)မဲရုံ ၈၆ ရုံ ၊ မဲဆန္ဒနယ်မြေ(၂)တွင် မဲရုံ ၇၄ ရုံ ၊ စုစုပေါင်းမဲရုံ ၁၆၀ စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရပြီး ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေး အတွက် အထူးရဲ အင်အား ၁၆၂ ဦး ခန့်အပ် တာဝန်ချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နယ်မြေရဲတပ်ဖွဲ့ အနေဖြင့် မဲဆန္ဒရှင်များအား မဲမပေးနိုင်အောင် နှောက်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး မဲရုံပရိဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး ၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း ၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော် ထံမှ သိရ သည်။
ရဲဝင်းနိုင် ( ညောင်ဦး )