ချောက်မြို့နယ်တွင် ၂၀၂ဝပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် အထူးရဲ ၂၅၈ ဦးအား ရွေးချယ်ဆောင်ရွက်

ချောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင် ရေးအတွက် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ရန်  အထူးရဲ (၂၅၈)ဦးနှင့် အရန် အထူးရဲ (၁၀) ဦးကို ရွေးချယ်ထားရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးတို့က ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အ ထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပ မည့်ရက် များတွင် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားရေး လွတ်လပ်၍ တရား မျှတစွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက် နိုင်စေ ရန် အထူးရဲများ‌ရွေးချယ်ခဲ့ကြောင်း သိရသည်။

အထူးရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာ လ(၁၅)ရက်နေ့ အထိ  ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ပြီး  တာဝန်ထမ်းဆောင်စဉ် အထူးရဲများအား သတ်မှတ် ယူနီဖောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အထူးရဲ တပ်ဖွဲ့ ဝင်တစ်ဦးလျှင် လစာငွေ (၁၄၄၀၀၀)ကျပ်၊ တစ်ရက် ရိက္ခာငွေ (၁၈၀၀) ကျပ်နှုန်း ဖြင့် ခန့် အပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးက သိရသည်။

မချို(ချောက်)