ဝက်လက် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် ရွှေပန်းကုံးနည်းပညာပြန့် ပွားရေး စခန်း မှ စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများနှင့် တောင်သူများသည် ဓာတ်မြေသြဇာများ သုံးစွဲမှုများပြားလာသည်နှင့်အမျှ လယ်မြေများပျက်စီးမှုမရှိစေရန် အလို့ငှါ EM (ဘိုကာရှီ) သဘာဝ ဓာတ်မြေသြဇာပြုလုပ်နည်း တောင်သူများနှင့် ပူးပေါင်းကာ ရွှေပန်းကုံး ကျေးရွာ မှ တောင်သူ ဦးထက်ညီညီကျော် ၊ကွင်းအမှတ် (၃၂၆၂) ၊ ဦးပိုင်အမှတ် (၁၀၄ / ၁) ၊မျိုးစေ့ ထုတ်ဧက ( ၂ . ၀၀) ဧက တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းပြုလုပ် နေသူများ အတွက် မိမိတို့ လယ်ယာမြေများမှ ထွက်ရှိသော သဘာဝပစ္စည်းများမှ သဘာဝဓာတ်မြေသြဇာ ပြုလုပ် သုံးစွဲတတ်စေသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ သစ်ရွက်ဆွေးမြေသြဇာ (ဘိုကာရှီ) သဘာဝမြေသြဇာ သုံးစွဲခြင်းကြောင့် အပင်များ၏ ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း၊ အဖူး၊အပွင့်၊အသီးကြွေခြင်း နည်းပါးခြင်း ပင်ဖျတ် ပိုး ထိခိုက်မှုကို ခံနိုင်ရည်ရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်းလည်း သိရ သည်။
သဘာဝ ဓာတ်မြေသြဇာ ပြုလုပ်ရာတွင် ရိုးရှင်းကြောင်း၊ နေရောင်ခြည် တိုက်ရိုက် မထိတွေ့သော နေရာတွင် အလျား (၆) ပေ၊ အနံ (၃) ပေ၊ အမြင့် (၆) ပေရှိသော သစ်ရွက်ဆွေး (၁) လွှာပုံကာ၊အဆိုပါ အပုံပေါ်တွင် EM ဖျော်ရည် (၃) ဂါလံ၊ ပက်ဖြန်း ပေးပြီးနောက် နွားချေးနှင့် ဖွဲနု (၈) ပြည်ကို ရောစပ်ပြီး ပါးပါးဖြူးပြီးရင် ယင်းပုံစံ အတိုင်း (၆) လွှာပုံကာ အပေါ်မှ ပလပ်စတစ်ဖြင့်လုံခြုံစွာ ဖုံးအုပ်ပြီး ၊(၅) ရက်ခန့် ကြာသည့်အခါ မြေဆွေးပုံကို လက်ဖြင့် စမ်းကြည့်ပါ ပူနေလျှင် အထက်အောက်လှန်၍ ဆေးဖြန်းပေးပြီး (၁၀) ရက်ကြာလျှင်စတင် အသုံးပြုနိုင်ကြောင်းသိရသည်။ သဘာဝဓာတ်မြေသြဇာ အသုံး ပြုခြင်းဖြင့် သစ်ပင်၏ လိုအပ်ချက်များကို အထောက်ကူပြုသည့်အပြင် သွင်းအားစု ဆေးဝါး သုံးစွဲမှုကိုလျှော့ချနိုင် မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဒေါ်အေးမာလာ ၏ပြောကြားချက်အရသိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)