တာမွေ ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းသား/သူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုကဲ့သို့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ရာတွင် အဆိုပါ တာမွေမြို့နယ်ရှိ အမှတ်(၉)အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းတွင်း/ကျောင်းပြင် ရေဝပ်နေသည့်နေရာများအား ကွန်ကရစ်ခင်းလောင်းပေးခြင်းစသည့် စာသင်ကျောင်းတစ်ကျောင်း၏အင်္ဂါရပ်များနှင့် ပြည်စုံညီညွတ်မှုရှိစေရေးနှင့် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်