ဟိုပန်၌  ဆီနေကြာသီးနှံ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းနှင့် ယာစပါးမျိုး စိုက်ပျိုးထားရှိမှုစံ​ပြကွက်များအား ကွင်းဆင်းကြည့်ရှု

ဟိုပန် ဇွန် ၂၈

ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း ဦးဆောင်၍ တာဝန်ရှိသူများလိုက်ပါကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် မော်ဟွေ့ကျေးရွာရှိ ဆီနေကြာသီးနှံ၊ နမ့်လျှံကျေးရွာရှိ   နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းနှင့် ရုံးကုန်းရပ်ကွက်ရှိ ယာစပါးမျိုး စိုက်ပျိုးထားရှိမှု စံ​ပြကွက်များအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးရာတွင် ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်က စံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဦးစီးမှူးက ဒေသအတွင်း စားသုံးဆီဖူလုံရေး ဆီနေကြာသီးနှံ လျာထားချက်ပြည့်မီ​ရေး အလေးထားကြရန်​၊ ကော်ဖီနှင့် နှစ်ရှည်သီးနှံများ၊ ဈေးကွက်ဝင်အာလူးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ သစ်စိမ်းမြေဩဇာအ​ဖြစ် အသုံးပြုရန် ပိုက်ဆံလျော်သီးနှံအားပိုမို စိုက်ပျိုးပြီး မျိုးစေ့ထုတ်ရန်၊ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်စေရန်အတွက် ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များအား တောင်သူများလက်ဝယ်အရောက် လက်တွေ့အသုံးချနိုင်ရေး တောင်သူပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် စသည်တို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဉီးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးတို့က "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး သက်ဆိုင်ရာဦးစီးမှူး ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်​နေမှုများအားတင်ပြခဲ့ရာ ပြည်နယ်ဦးစီးမှူးက လိုအပ်ချက်များအား လမ်းညွှန်မှုပေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ  သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)