ငပုတော ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ အမှတ်(၅၁) စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆ (ဘီ)ဦးပိုင်အမှတ် (၇/၇) တောင်သူ ဦးအေးငွေ၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
သရုပ်ပြစိုက်ပျိုးပွဲတွင် အမှတ်(၅၁)စက်မှု လယ်ယာစခန်း ပုသိမ်မြို့မှ မြို့နယ်ဦးစီးဌာနမှုး ဦးလှဝင်းခိုင်မှကူဘိုတာ (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ပျိုးထောင်ရ လွယ်ကူခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုခြင်း၊ ပျိုးပင်မနာသဖြင့် ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ကောက်ပင်များ နေ၊ ရေ၊ လေ၊ အဟာရမျှတစွာ စားသုံးရခြင်း၊ ကောက်ရိတ်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား ရိတ်သိမ်းချွေလေ့ စက်ကြီးများဖြင့်အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းပြောခဲ့ကြားသည်။
ထို့နောက် တောင်သူ ဦးအေးငွေ၏ လယ်မြေ(၂)ဧကတွင် ပေါ်ဆန်းယဉ်စပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြခဲ့သည်။ အဆိုပါ မိုးစပါး ကောက်စိုက်စက်ဖြင့် စံပြစပါးကွက် စိုက်ပျိုးပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှုး ဦးမိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးသူရကျော်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)