ဟင်္သာတမြို့နယ်တွင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဟင်္သာတ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်/ဆက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က ယခုလို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်နိုးသူက ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစားပြုလုပ်ခြင်း၏ အကျိုး ကျေးဇူးများ သိရှိလာစေရန် လူငယ်နှင့် အားကစားအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်း များနှင့် စာစောင်များ လှူဒါန်းခဲ့ကာ ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်နှင့် ရည်မှန်းချက်အကြောင်း​ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်က လူငယ်နှင့် အစားအသောက်များ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အထက ၁ ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ