ရေတာရှည်မြို့နယ်တွင် ဝါးသယံဇာတ စဉ်ဆက်မပြတ်အသုံးချမှုနည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း ဖွင့်လှစ်

ရေတာရှည် ဇွန် ၂၇

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဝါးသယံဇာတ စဉ်ဆက်မပြတ်အသုံးချမှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်နန်ချွန်ကျေးရွာအနီးရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ယနေ့ဖွင့်လှစ်သောသင်တန်းသည် ဝါးပင်၏ပေါက်ရောက်ပုံသဘာဝနှင့် အသုံးချနိုင်မှုကိုလေ့လာသိရှိနိုင်စေရန်၊ ဝါးပင်ပျိုးထောင်ခြင်းနှင့်စိုက်ပျိုးခြင်း၊ သဘာဝသစ်တောနှင့်ဝါးစိုက်ခင်း စီမံအုပ်ချုပ်ခြင်းနည်းစနစ်များကို ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်ရန်၊ ဝါးစိုက်တည်ဆောက်ခြင်းဆိုင်ရာ အကျိုးစီးပွားအရေးပါမှု အခြေအနေများကို နားလည်သဘောပေါက်စေရန်နှင့် ဝါးထွက်ပစ္စည်းများ ထုတ်လုပ်သုံးစွဲရောင်းဝယ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊  ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းကို တိုးတက်စေမည့်အပြင် လူမှုဘဝများ အမှန်ပင်ဖွံ့ဖြိုးစေမည်ဖြစ်ပြီး ဒေသအလိုက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ရာတွင် ပြည်သူများအနေဖြင့် ပူပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်းစသည်ဖြင့်  အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်နိုင်ရေးကို အထောက်အကူပြုနိုင်မည့် ဝါးသယံဇာတ စဉ်ဆက်မပြတ် အသုံးချမှုနည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကို  သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၄ ရက်ဖြစ်ကြောင်းသိရသည်။

ရေတာရှည် (ပြန်/ဆက်)