မုဒုံ ဇွန် ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာနှင့် ကျောက်တလုံးကျေးရွာအနီး မော်လမြိုင် - သံဖြူဇရပ် ကားလမ်း၊ မိုင်တိုင်အမှတ် - ၁၃ / ၂ နှင့် ၁၃ / ၃ ကြား၊ တံတားအမှတ် ၂/၁၄ တွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် HIGER အမျိုးအစား ရွှေလင်းလက် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားဝဲဘက်ခြမ်း လက်ရမ်းအားတိုက်မိကာ တံတားအောက်သို့ လဲကျတိမ်းမှောက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ အကူယာဉ်မောင်းနှင့် ခရီးသည်တစ်ဦးတွင် ရင်ဘတ်အောင့် နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်းနှင့် မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်ခဲ့သူ ယာဉ်မောင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)