မုံရွာ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ဇွန်လ(၂၇)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထား သူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ သယ်ယူပို့ဆောင်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရန်အတွက် မြေနေရာများကျယ်ဝန်းခြင်း၊ လုပ်သားအလွယ်တကူရရှိခြင်းကြောင့် သီးနှံမျိုးစုံဖြစ် ထွန်းတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အဓိကစီးပွားရေဟာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်နေတဲ့အတွက် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သတင်းအချက်အလက်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းစက်မှုဇုန်မှာလည်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သုံးဘီးဆိုင်ကယ်တပ် ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ နှစ်ဘီးဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဝင်ရောက် ဖို့ရှိတယ်လို့ သိရှိရပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဓိကပြသနာဟာ မြေယာဖြစ်တဲ့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ စာရင်းများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနဲ့ ကော်မတီအတွင်းရေးမှူးတို့က ပူးပေါင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က စစ်ကိုင်းမြို့နယ်ရှိ Shwe Pyi Gone Yee Co,Ltd နှင့် Htoo Myat Da Na Co,Ltd တို့မှ တည် ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာခြင်းနှင့် ယခင်(၄/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဇွန်လအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သော အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။