မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက လေဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှု၊ မိုးကြိုးအန္တရာယ်များ စသည့်တို့ကို အသိပညာပေး Video ဖိုင်များအားပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှသတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအားပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေအား ပြည်သူ့များထံသို့ အချိန်မီအသိပေးပြန်ကြားခြင်းများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာပြုစုနည်းများ၊ ကြိုးချည်နည်း စနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ၊ စသည့်တို့ကို ကျောင်းသား/ သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)