ချောက် ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training) (၃/ ၂၀၂၂) အဖြစ် သီးနှံ သစ်သီးဝလံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ဖျော်ရည် နှင့်ယို အမျိုးမျိုးပြုလုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂)လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေ လုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက အသက်မွေးဝမ်းကျောင်း ပညာသင်တန်း (Vocation Education Training) (၃/၂၀၂၂)အဖြစ် စားသောက်ကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်နည်း(သီးနှံ)သင်တန်းဆင်းပွဲတွင် သင်တန်းအောင်မြင်စွာ ဖွင့်လှစ်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် သင်တန်းသား/သူများ အနေဖြင့် နည်းပြဆရာ၊ ဆရာမများ၏ စာတွေ့ လက်တွေ့ အတွေ့အကြုံများကို မိမိတစ်ယောက်တည်းသာမက မိမိအနီးနားပတ်ဝန်းကျင်ကို မျှဝေစေချင်ကြောင်း၊ သို့မှသာ အလုပ်အကိုင် အခွင့်အလမ်းများပေါ်လာပြီး အဆင်ပြေလာမှာဖြစ်ကြောင်း၊ လုပ်ငန်း၌ အတွေ့အကြုံ အခက်အခဲများကြုံလာပါက နည်းပြဆရာ၊ ဆရာမများထံ ဖုန်းဆက်ပြီး အကြဉာဏ် ရယူနိုင်ကြောင်း၊ လုပ်ငန်းတိုးတက်လာပါက လုပ်ငန်းလိုင်စင်များ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုနောက် သင်တန်းနည်းပြဆရာမ ဒေါ်မို့မို့စိုးက အသက်မွေးဝမ်းကျောင်းပညာသင်တန်း ပို့ချခဲ့မှုအခြေအနေများအား ရှင်းလင်းပြီး ချောက်/လမ်းရွာ ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူတို့မှ သင်တန်း သား/သင်တန်းသူ(၂၀)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းကာလအတွင်း စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခဲ့သော သင်တန်းသား/သူ(၃)ဦးအား အမှတ်တရ လုပ်ငန်းသုံးပစ္စည်း လက်ဆောင်များ ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများအား အမှတ်တရလက်ဆာင်ပစ္စည်းများကိုလည်းကောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများအား ဒေသထွက်ကုန်ဖြင့် ပြုလုပ်ထားသည့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ကျော်မိုး (ပြန်/ဆက်)