သာယာဝတီ ဇွန် ၂၄
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲမှ သာယာဝတီမြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများအနက် တောင်သူများ၏ဆန္ဒအလျောက် ချေးယူထားသည့် မည်သည့်ချေးငွေမဆို အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလ ၂၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန်ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့်တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ်၊ ဧပြီလတတိယပါတ်မှ စတင်၍ ကျေးရွာအုပ်စုအသီးသီးမှ ချေးငွေပေးဆပ်သည့် တောင်သူများအား ဇွန်လ ၂၄ ရက်နေ့တွင် ကုန်းမီးနင်းကျေးရွာအုပ်စု၊ လက်ပံခုန်ကျေးရွာအုပ်စု၊ ဖားရွှေကျော်ကျေးရွာအုပ်စုနှင့် ကျွန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ (၈၈) ဦး၏ စိုက်ပျိုးဧက (၆၃၃) အတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်သိန်း (၉၄၉.၅၀) အား ထုတ်ချေးပေးခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ ကျေးရွာအုပ်စု (၁၇) အုပ်စုရှိ တောင်သူ (၁၃၃၄)ဦး၏ စိုက်ပျိုးဧက (၁၀,၁၀၆)အတွက် ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း (၁၅၁၅၉.၀၀) ကျပ်သိန်း ထုတ်ချေးပြီးစီးကြောင်း သာယာဝတီခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)