ဖြူး ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုပွဲအခမ်းအနားနှင့် ကျောင်းစိမ်းလန်းစိုပြေစေရေး သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့မိ၊ မြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသားမိဘစေတနာရှင်များက ဆောင်ရွက်ပေးသည့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ(၁၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၂)ဦး စုစုပေါင်း(၁၃)ဦးတို့အား မြို့နယ်ပညာရေးမှူး၊ ကညွှတ်ကွင်းမြို့အုပ်ချုပ်ရေးမှုး၊ အမှတ်(၂)အထက်တန်းကျောင်း ကျောင်းအုပ်ကြီး၊ မြို့မိ၊ မြို့ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်းတွင် ကျောင်းစိမ်းလန်းစိုပြေစေရေးအတွက် ကျွန်း၊ စိန်ပန်း၊ ရေတမာ စုစုပေါင်းပျိုးပင်(၂၀၀)ပင်ကို တက်ရောက်လာကြသောမြို့နယ်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှုး၊ အမှတ်(၂)အထက်တန်းကျောင်းကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများက အမှတ်တရ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)