ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ အခမဲ့ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

ရေနံချောင်း ဇွန် ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လူငယ်လူရွယ်များ ကွန်ပျူအသုံးပြုနည်းနှင့် လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ကွန်ယက်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့ နံနက် နာရီက မြိုနယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော် တက်ရောက် အမှာစကားပြောကြားပြီး အခမဲ့အခြေခံကွန်ပျူတာသင်တန်းတွင် သင်ကြားပို့ချပေးသော ရေနံချောင်းတက္ကသိုလ်မှ လက်ထောက်စနစ်မန်နေဂျာ ဆရာဦးကျော်ဇင်ထွန်း၊ မြို့နယ် လူငယ်ကွန်ယက်တာဝန်ခံ ဦးစိုးသူနှင့် Wi Fi Free တပ်ဆင်ပေးသော ရေနံ့သာ Wi Fi တာဝန်ခံတို့အား ဂုဏ်ပြုကတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် သင်တန်းသား သင်တန်းသူများက နောင်အင်းလေး၊ ဦးရွှေရိုး ဒေါ်မိုး၊ ကိုတုတ်ကြီးနှင့် မဘုတ်ဆုံ၊ Fitness Dance စသည့် သီးချင်းများဖြင့် တေးသရုပ်ဖော် ကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်နှင့် တာဝန်ရှိသူများက သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြသည့် သင်တန်းသား ၁၆ ဦးအား သင်တန်းဆင်းလက်မှတ်များ တစ်ဦးချင်းပေးအပ်ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် အခြေခံစာစီစာရိုက်၊ ရုံးစာရေးသားနည်း၊ စာရင်းဇယားရေးဆွဲ တွက်ချက်နည်း၊ Microsoft word၊ Excel၊ Power Point၊ Adobe Page maker စသည့် ဘာသာရပ်များကို သင်တန်းကာလ တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)