ဒေးဒရဲမြို့၌ ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်သစ် ပန္နက်တင်ပွဲကျင်းပ

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် နေရာအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာနေ ပြည်သူများနှင့် အလှူရှင်များစုပေါင်း၍  ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းပန္နက်တင်အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်ပညာရေးမှူး ဦးလှစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် ကျောင်းကော်မတီဝင်များ၊ အလှူရှင်များက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့်  ကျေးရွာပြည်သူထည့်ဝင်ငွေ၊ စုစုပေါင်းအလှူငွေကျပ် (၁၁)သိန်းဖြင့် အလျား (၃၀)ပေ၊ အနံ (၂၀)ပေရှိ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီမှူး ဦးဟန်ဝင်းစိုးနှင့် တာဝန်ရှိသူများက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျေးရွာပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေဇာလင်း