ပုသိမ်မြို့တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

ပုသိမ် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး တောင်သူများ ပူးပေါင်း၍ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူသည် တောင်သူများအနေဖြင့် အာဟာရပြည့်ဝသော အစာပင်များ စိုက်ပျိုးကျွေးမွေးနိုင်ရေးအတွက် သရုပ်ပြတိရစ္ဆာန်အစာ စိုက်ခင်းများကို စိုက်ပျိုးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗောဓိမြိုင်ရပ်ကွက်၊ နွားမွေးမြူရေးခြံအတွင်း မွေးမြူရေးတောင်သူ ဦးဌေးလှိုင် စိုက်ပျိုးထားသော နေဗီယာမြက်စိုက်ခင်းတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်း ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ပြာရွှေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းရာတွင် ပုသိမ်မြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ပြာရွှေက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်မည်ဖြစ်ကြောင်း၊ နီဗီယာပတ်ချောင်း (၁)ဧကစိုက်ထားလျှင် နို့စားနွား(၁၀)ကောင် ကျွေးမွေးနိုင်ခြင်းကြောင့် အစာဝယ်ယူစရိတ် ကုန်ကျမှုသက်သာစေပြီး အရသာကောင်းမွန်မှုရှိသောကြောင့် ကျွဲ၊ နွားများ နှစ်သက်စွာ စားသုံးကြပါကြောင်း၊ မြက်ချဉ်ဖတ် ပြုလုပ်၍လည်း ကျွေးမွေးနိုင်ပြီး ပရိုတင်းဓါတ်များစွာ ပါဝင်သောကြောင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာအဖြစ် ရည်ရွယ်၍ နေဗီယာမြက်ကို စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)