ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊  ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈)နာရီက ရွာသစ်ရပ်ကွက် နယ်မြေ(၈)နှင့် နယ်မြေ(၉)အတွင်းရှိ နေအိမ်များ၊ ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ က ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့် နေရာများစစ်ဆေးခြင်း၊  ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လမ်းပေါက်ပွားမှုမရှိစေရန်၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များ အတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင် များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)