သာယာ၀တီ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းပညာ့အားမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျားမရေးရာ (Gender)နှင့် ကျားမရေးရာအခြေပြုအကြမ်းဖက်မှု GBV ဆိုင်ရာ အသိပညာပေး အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(၁) သာယာဝတီကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းအေးက အဖွင့်မှာစကားပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းမှ လူမှုဝန်ထမ်းဦးစီးဌာန၏လုပ်ငန်းကြီး (၇)ရပ်အား အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်အေးမှ ကျားမရေးရာ (Gender) အခြေခံသဘောတရားများနားလည်သဘောပေါက်စေရေး၊မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ကျား၊မရေးရာ (Gender)ကို ထည့်သွင်းစဉ်းစားနိုင်စေရန်၊ ကျား၊ မ ဟန်ချက်ညီသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေဖို့ ပြောင်းလဲရမည်များကို သိရှိသွားရန်၊ ပြောင်းလဲရမည့် မိမိ၏အတွေးအခေါ်ဟောင်းများကို သတိထားမိသွားစေရန် အကြောင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြီး သာယာဝတီခရိုင်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးမှ သာယာ၀တီခရိုင် လူမှု၀န်ထမ်းရုံး၏ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW) အကြောင်းကိုလည်းကောင်း၊ အမျိုးသမီးများအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သန့်ဇော်