ဟင်္သာတ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိရိစ္ဆာန်အစာပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စု၊ ကုန်းကြီးကျေးရွာရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနရုံး တိရိစ္ဆာန်အစာပင် စိုက်ခင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်က တိရိစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “တိရိစ္ဆာန်များ အတွက် လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက်ကျွေးမွေးပြီး တိရိစ္ဆာန်နှင့် တိရိစ္ဆာန် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာရပြည့်ဝသော အစားအစာများကို ရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မိုးရာသီတွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးတတ်သော အလေ့အကျင့်ကောင်းများရရှိရန်၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် အစာအတွက် ကုန်ကျစရိတ် သက်သာစေခြင်း၊ အာဟာရဓါတ် မြင့်မားသောကြောင့် တိရစ္ဆာန်များအတွက် အထွက်နှုန်းကောင်းမွန်စေခြင်း၊ ရိတ်သိမ်းကျွေးမွေးခြင်းကြောင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူလာခြင်းကြောင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေသြဇာများရရှိ ထုတ်လုပ်နိုင်ခြင်းတို့အတွက် ရည်ရွယ်၍ စိုက်ပျိုးရခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးပွဲသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်သူမျိုး၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ ၊စိုက်တိုးမြှင့်အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် တောင်သူများတက်ရောက်ကာ နေဗီယာမြက် မျိုးဆစ်(၂)ဧကအား စနစ်တကျစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
ကိုဇော်- ဟင်္သာတ