မိုးညို ဇွန် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို) သရဖူခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်က ဌာန၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ငလျင်ဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး အထက(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။ ထို့နောက်ကျောင်းအုပ်ဆရာမကြီးထံသို့ သဘာဝဘေးဗီနိုင်းနှင့် ပိုစတာများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း