ခန္တီးမြိုနယ်တွင် တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြ စိုက်ပျိုးခြင်း ပြုလုပ်

ခန္တီး ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို သာယာကုန်းကျေးရွာ၊ တောင်သူ ဦးငြိမ်းအောင်သူ၏ ခြံတွင် ယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေပီယာမြက်ကို အသားဓါတ်အမြင့်ဆုံး အချိန်ဖြစ်သည့် စိုက်ပျိုးပြီး(၄၅)ရက်သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ပြီး မြက်ချဉ်ဖတ်ပြုလုပ်ကာ နွေရာသီအစာရှားပါးချိန်တွင် လည်း ကျွေးမွေးနိုင်ကြောင်း၊ နေပီယာမြက်(၁)ဧကစိုက်ပျိုးထားလျှင် နို့စားနွားမ(၁၀)ကောင်မွေးမြူ နိုင်ပြီး စတင်စိုက်ပျိုးပြီး (၅)နှစ်မှ (၆)နှစ်အထိ ရှင်သန်နိုင်သည့်အတွက် တိရစ္ဆာန်များ အစာလုံ လောက်မှုရှိစေခြင်း၊ နေပီယာမြက်ကို ကျွေးခြင်းအားဖြင့် အစာနုကုန်ကျစရိတ် နည်းပါးစေပြီး နို့ထွက်နှုန်း ကောင်းမွန်စေသည့်အတွက် အကျိုးအမြတ် ပိုမိုရရှိစေနိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာရဲဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး နေပီယာမြက်ပျိုးပင်ပေါက် (၄၀၀၀)ပင် (၁)ဧကအား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)