ရန်ကင်း စက်တင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့်ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစ၍ ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်း ကားဖြင့် လှည်လည့်အသိပေး နှိုးဆော်ကြေညာလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁၀၀/ ၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် လူစုလူဝေး ဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အသိပေးချက်အား စားသောက်ဆိုင်ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရန်ကင်းမြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)