မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မော်လမြိုင် ဇွန်လ ၂၃      

မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၂၂)ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဌာန၏ ရည်မှန်းချက် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မြေယာမှုခင်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်၊ တရားမဝင် ကျူးကျော်နေထိုင်မှုများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ၂၀၂၂ ခုနှစ် စိုက်ပျိုး ရာသီအတွင်း အဓိကသီးနှံစိုက်ပျိုးမှုများ လျာထားဧကအတိုင်း ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို မြေပြင်သို့ ကွင်းဆင်းပြီး တိကျ မှန်ကန်သော အချက်အလက်များဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရန်ပုံငွေသုံးစွဲမှုနှင့် အခွန်ငွေကောက်ခံရရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မွေးမြူရေးစိုက်ပျိုးရေး ပညာရေးကျန်းမာရေးကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆန်ဖူလုံမှုရှိသော်လည်း၊ ဆီဖူလုံမှု လိုအပ်ချက်ရှိနေသဖြင့် ဒေသနှင့်ကိုက်ညီမှုရှိသည့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ရော်ဘာအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာများ၊ သုတေသနပြု လေ့လာခြင်းများကို အလေးပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လယ်လှပ်မြေများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်၍ ပြန်လည်စိုက်ပျိုးရေး အလေးထား ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်မှုရှိရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက် ရန်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်