ဟားခါး စက်တင်ဘာ ၈
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး (၂၇/၂၀၂၀)ကို စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်ကော်မတီဝင်များ၊ ဖွဲ့စည်းထားသည့် ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာကြသည့်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့အဝင်/အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှု၊ ပြည်ပနိုင်ငံများမှ ချင်းပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများ စိစစ်လက်ခံမှုနှင့် သယ်ယူပို့ဆောင်မှု အခြေအနေ၊ ခရီးသည်တင်ယာဉ်လိုင်း များက ကားလက်မှတ်များ ရောင်းချရာတွင် လိုအပ်သည့် အထောက်အထားများနှင့် ခရီးသွားရာဇဝင် စသည့်အချက်အလက်များ တောင်းခံဆောင်ရွက်မှု အခြေအနေ၊ စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး ကြီးကြပ် စစ်ဆေးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က မြို့ဝင်/မြို့ထွက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို စနစ်တကျ ဆောင်ရွက်ရေးနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားများ လိုအပ်သည့် ထောက်ခံချက်နှင့်အထောက်အထားများ ပြည့်စုံစွာ ယူဆောင်လာစေရေး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူများအား ချင်းပြည်နယ်အတွင်း တရားဝင် ဖွင့်လှစ်ထားသည့် ရိဒ်၊ ခင်မန်း စသည့် နယ်စပ်ဂိတ် များမှ တရားဝင် ဝင်ရောက်စေရေးနှင့် တရားမဝင် ဝင်ရောက်မှုရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်းဖြင့် ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)