ဇီးကုန်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက် သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လယ်မကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ဦး၏ ခြံမြေ (၂) ဧက၌ စိုက်ပျိုး ပြသခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စိတ်ပါဝင်စားသည့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးသည် ပရိုတိန်း (အသားဓာတ်) ပေါကြွယ်ဝ၍ တိရစ္ဆာန် ကြီးထွားနှုန်းမြန်ဆန်ပြီး အစာကုန်ကျစရိတ် သက်သာသောကြောင့် မြို့နယ်အတွင်း အသားထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် တိရစ္ဆာန်အစာပင် နေဗီယာမြက်များကို စိုက်ပျိုးပြီး ကျွေးမွေးရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် (၂) ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် မျိုးဖြန့်ရန်အတွက် မြောက်လွှတ်ကုန်းကျေးရွာ၌ တစ်ဧကစိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်ဆိုလျင် ရိတ်သိမ်းကျွေးမွေးနိုင်ပြီဖြစ်ကြောင်း ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)