ငါးသိုင်းချောင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အဆိုပါကျောင်းရှိ (Grade-11) ကျောင်းသား ကျောင်းသူများသို့ မြို့ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ဇွန်လ ၇ ရက်နေ့တွင် မူလတန်းကျောင်းများသို့ သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသ ထားရှိခြင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်နိုင်လင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်ကို ရိုက်ကူး၍ (online)မှတစ်ဆင့် ထုတ်လွှင့်ခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန်လ ၂၆ ရက်နေ့၌ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ အားသွန်ခွန်စိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသခံလူငယ်များ၊ ကျောင်းသား လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို သိရှိစေရန်၊ သတိပြုရှောင်ရှားရမည့် အချက်အလက်များကို သိရှိနိုင်ရန်နှင့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါး၏ သားကောင်ဘဝ မကျရောက်စေရန်တို့ကို ရည်ရွယ်၍ မြို့ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အထက်ပါအစီအစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)