နတ်မောက်မြို့နယ်၌ မြို့နယ်အသင်းမှတ်ပုံတင်ရေးအသင်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက်  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်အသင်းမှတ်ပုံတင်ရေးအသင်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က နတ်မောက်မြို့နယ်၌ ပရဟိတလူမှုရေးအသင်းအဖွဲ့ (၉) ဖွဲ့ရှိကြောင်း၊ အသင်းအဖွဲ့များမှ နှစ်စဉ်ဒီဇင်ဘာလကုန်တွင် အသင်း၏လုပ်ဆောင်ချက်၊ ငွေစာရင်းရှင်းတမ်းများတင်ပြကြရန်၊ (၅) နှစ်ဆက်တိုက်မတင်ပြပါက အသင်းအားပယ်ဖျက်မည်ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဝိုင်းဝန်းကူညီကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသူက ပရဟိတအသင်းအဖွဲ့များမှ မော်တော်ယာဉ်များကို လိုင်စင်များပြုလုပ်ထားကြရန်၊ အသင်းအဖွဲ့မှတ်ပုံတင်များ၊ ယာဉ်မောင်းဖုန်းနံပါတ်များကို မြို့နယ်ရဲစန်းသို့ ပေးဆောင်ထားကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိလိုသည်များ မေမြန်းပြီးအပြန်အလှန် ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သင်းသင်းမြတ် (ပြန်/ဆက်)