ကျောက်ပန်းတောင်းမြို့နယ် ကျွဲကန်ကျေးရွာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စက်ရေးတွင်းဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း၊  စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ကျေးရွာအုပ်စု၊ ကျွဲကန်ကျေးရွာနှင့်အခြားနီးစပ်ရာကျေးရွာများမှ ပြည်သူများအသုံးပြုနိုင်ရန်အတွက်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တူးဖော်လှူဒါန်းသည့် စက်ရေတွင်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်နှင့်မြို့နယ်တာဝန်ရှိသူများက လူစုလူဝေးမပါဘဲ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

စက်ရေတွင်းကို ကျွဲကန်ကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများအတွက် သန့်ရှင်းသောသောက်သုံးရေရယူသုံးစွဲနိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏လှူဒါန်းငွေကျပ်သိန်း (၂၀၀) ဖြင့် စက်ရေတွင်းနှင့်ရေစုကန်တို့အား ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းနှင့် စက်ရေတွင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ  ၁ ရက်နေ့က  စတင်တူးဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တွင်းအဝကျယ် ၄ လက်မရှိပြီး အနက်ပေ ၁၀၁၀ ပေရှိကြောင်း သိရသည်။

အဆိုပါစက်ရေတွင်းတူးဖော်အောင်မြင်မှုကြောင့် ကျွဲကန်ကျေးရွာနှင့် အနီးဝန်းကျင်နေပြည်သူများမှာ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိနိုင်ကြတော့မည်ဖြစ်ကြောင်းသိရပြီး စက်ရေတွင်းကို ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေတို့က လူစုလူဝေးမပါဘဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ၊ စက်ရေတွင်းရေထွက်ရှိမှုအခြေအနေနှင့် ရေအရည်အသွေးများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)