ပဲခူး ဇွန် ၂၀
ပဲခူးခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ထိုင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းရေး(နည်းပြ)သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြသော မြို့နယ်တပ်ဖွဲ့မှူးများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်မြောက်ထားသော ရှေးဦးပြုစုခြင်းပညာရပ်များကို မိမိအတွက်၊ မိသားစုဝင်များအတွက်သာမက ပတ်ဝန်းကျင်အတွက် အကျိုးရှိအောင် ပြန်လည်အသုံးချပြီး အများလေးစားရသည့် စံနမူနာပြုနည်းပြကောင်းများအဖြစ် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ကြရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြရန် ဆန္ဒပြုပါကြောင်းဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်မှ သင်တန်းအသီးသီးတက်ရောက်အောင်မြင်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပဲခူးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ထိုင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး (နည်းပြ)သင်တန်းရောက် အောင်မြင်ခဲ့ကြသော မြို့နယ်တပ်ဖွဲ့မှူးများအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)