ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် (၃၀/၂၀၂၀) အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့ညနေ (၅) နာရီမှ ည (၈) နာရီအထိ မြို့တွင်းလမ်းများတွင် လှည့်လည်ကြေညာခဲ့ကြသည်။
အဆိုပါအမိန့်အမှတ် (၃၀/၂၀၂၀) တွင် မန္တလေးတိုင်းဒေသကြီးသို့လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးပြင်ပသို့ သွား ရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်များပါဝင်ပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အမိန်အမှတ် (၉၇/၂၀၂၀) နှင့် အမိန့်အမှတ် (၁၀၀/၂၀၂၀) ဖြင့် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့ပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ မြို့နယ်အားလုံးနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း (၇) မြို့နယ်တို့မှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားသည့် မြို့နယ်များသို့ သွားရောက်ခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်စိစစ်ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ခွင့်ပြုရန်များပါဝင်ပြီး၊ ကြေညာချက်များအား အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆန်သူများနှင့် နေရပ်လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့်နေရာများအား မမှန်မကန်ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)