ကွတ်ခိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်အညီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဂျေလဆမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး မှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများက ကွတ်ခိုင် မြို့ပေါ်ရှိ မဲရုံများ၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများနှင့် နားဝိုင်ကျေးရွာ အုပ်စုအတွင်းရှိ မဲရုံ များကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်အညီ စနစ်တကျ ဖွင့်လှစ် ထားရှိမှု ရှိ/မရှိနှင့် သတ်မှတ် စည်းကမ်းနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြားသော မဲရုံများကိုလည်း အလားတူ ကြပ်မတ်ဆောင်ရွက်သွားမည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း(၈၄)အုပ်စုရှိပြီး မဲဆန္ဒနယ်အမှတ်(၁)နှင့် (၂)ရှိကာ မဲရုံပေါင်း (၁၃၄)ရုံ လျာထားသည်။ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ(၁၂၇၄၈၃)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုမိုင်း(ပြန်/ဆက်)