ကျွန်းစု၊ စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းမြင့်မားနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ပေါ့ဆမှုမရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း Mask မတပ်ဆင်ထားသူ (၃၅) ဦးအား ယမန်နေ့ နံနက်ပိုင်းက ငွေကျပ် (၅) ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်းဖြင့် ဒဏ်ရိုက်အရေးယူခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် သီတာလမ်းဆုံ၊ အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်အသုံးပြုနေမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး Mask မတပ်ဆင်သူ (၃၅) ဦးအား ငွေကျပ် (၅) ထောင်နှင့်ညီမျှသော Maskများ ဝယ်ယူစေခြင်းဖြင့် စစ်ဆေးဒဏ်ရိုက်အရေးယူခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)