မြစ်သားမြို့တွင် အပြင်ထွက်တိုင်း Mask နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မြစ်သား၊  စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီခွဲအချိန်က မြစ်သားမြို့ မန္တလေး−မြင်းခြံသွားကားလမ်းမကြီးတွင် ခရီးသွားပြည်သူများနှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသောပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့က မြစ်သားမြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းနှင့် Mask မပါသူများကို Mask များ အခမဲ့ဖြန့်ဝေပြီး တပ်ဆင်စေခြင်းနှင့် နေအိမ်ပြင်ပသို့သွားလာရာတွင် Mask များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်တို့ကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)