မန္တလေး၊ စက်တင်ဘာ ၈
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ (၂၇၀၉) ဦး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၉၃၈၇) ဧကအတွက် ငွေကျပ်သန်းပေါင်း (၁၄၀၀) ကျော်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ ယမန်နေ့အထိ ကျပ်သန်းပေါင်း (၇၅၀) ကျော် ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား အရည်အသွေးကောင်း မျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ်(၁၅၀၅၀၀)နှုန်းနှင့် အထွက်ကောင်းမျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ်(၁၄၈၅၀၀)နှုန်းဖြင့် ထောက်ပံ့ပေးလျက် ရှိပြီး လာမည့်စက်တင်ဘာလအတွင်း အပြီး ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိမှာ တိုင်းဒေသကြီးအတွင်းက မျိုးစေ့ထုတ်တောင်သူတွေကို ဩဂုတ်လက စတင်ပြီးလှည့်လည် ထောက်ပံ့ပေးနေတာပါ၊ ယနေ့အထိ ကျပ်သန်းပေါင်း(၇၅၀)ကျော် ထုတ်ပေးပြီးသွားပါပြီ၊ ရာခိုင်နှုန်းအားဖြင့် (၅၃.၇၂) ရာခိုင်နှုန်း ထောက်ပံ့ပေးပြီးပါပြီ၊ ကျန်ရှိတဲ့မျိုးစေ့ ထုတ်တောင်သူတွေကိုလည်း စက်တင်ဘာလ အတွင်းမှာ အပြီးထောက်ပံ့ပေးသွားမှာပါ ဟု မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း က ပြောကြားသည်။
မျိုးစေ့ထုတ်တောင်သူတွေဟာ စိုက်ပျိုးရေးဦးစီးဌာနနှင့်နှစ်ရှည်လများ ပူးပေါင်းလုပ်ကိုင်လာတဲ့ မျိုးစေ့ထုတ်တောင်သူတွေဖြစ်ဖို့လိုပါတယ်၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပွားများဖို့အတွက် လက်ဝယ်မှာမျိုးကောင်း မျိုးသန့်များ ဝယ်ယူရရှိနေတဲ့ တောင်သူတွေဖြစ်ဖို့ လိုပါတယ်၊မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနနှင့်နည်းပညာအားဖြင့် ပူးပေါင်း ဆောင်ရွက်နေတဲ့တောင်သူဖြစ်ဖို့လိုပါတယ်၊ မျိုးစေ့ထုတ်လုပ်ငန်းကို စိတ်ပါဝင် စားတဲ့ တောင်သူတွေဖြစ်ဖို့လိုပါတယ်၊ ဒီလိုအချက်အလက်တွေပေါ်မူတည်ပြီး ဧပြီလကုန်ပိုင်းမှာ စာရင်းဇယားတွေကောက်ယူကာ မျိုးစေ့ထုတ်တောင်သူတွေအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း က ပြောကြားသည်။
ကိုဗစ်အလွန်ကာလ၌ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာကဏ္ဍမှာ နည်းပညာအားဖြင့်သော် လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း မျိုးစေ့ထုတ်တောင်သူတွေ မယိမ်းယိုင်သွားဖို့လိုပါတယ်၊ ဒါမှသာလာမည့်နှစ်မှာ နွေစပါး/မိုးစပါး မျိုးကောင်းမျိုးသန့်တွေ ဆက်လက်ပွားများထုတ်လုပ်နိုင်ဖို့အတွက် မျိုးစေ့ထုတ်တောင်သူများအား ပံ့ပိုးကူညီခြင်း ဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)