ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ချက်များ အသံချဲ့စက်များဖြင့် ကြေညာပေး

ကျောက်ဆည်၊ စက်တင်ဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက် (၁၀) ရပ်ကွက်တွင် ယမန့်နေ့ညပိုင်းက အသံချဲ့ စက်များဖြင့် ကြေညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့်ကြေညာပေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းပြည်သူများ Mask များ စနစ်တကျတပ်ဆင်ပြီးမှသွားလာကြရန်၊ လက်များကိုမကြာခဏဆေးကြောကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ ခြင်းမပြုလုပ်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက တစ်ဦးတည်းသာထွက်ခွာသွားလာခြင်းပြုကြရန်၊ပြည်ပမှဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်မှ နေရပ်သို့ပြန်လည်ဝင်ရောက်လာသူများရှိပါက ရပ်ကွက်/ကျေးရွာ အုပ် ချုပ်ရေးမှူးရုံးများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်နှင့် ည (၁၂) နာရီမှ နောက်တစ်နေ့နံနက် (၄) နာရီအထိ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများမပြုလုပ်ကြရန် ကြေညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)