အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်

မန္တလေး၊ စက်တင်ဘာ ၈

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းကြပြီး ကော်မတီတွင်ပါဝင်ကြသည့်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုနှင့်ပြဿနာတစ်စုံ တစ်ရာပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းအကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များအကြောင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များအကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းက ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို အကြံပြုမေးမြန်းဆွေးနွေးကြရာ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁၆) ဦး၊ နိုင်ငံရေးပါတီ (၁၁) ခုမှ (၁၁) ဦး၊ တစ်သီးပုဂ္ဂလ (၂) ဦး၊ ဩဇာတိက္ကမရှိသူ (၅) ဦး၊ စုစုပေါင်း (၃၄) ဦးဖြင့်ဖွဲ့စည်းထားရှိပြီး ကော်မတီဥက္ကဋ္ဌအဖြစ် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေး မှူးအဖြစ်  အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် ကျန် (၃၂) ဦးက  အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

 ဇော်လင်းဦး(အောင်စံ)